ဖိတ်စာရိုက်ခြင်းနှင့် ဝေခြင်းဆိုင်ရာ သိမှတ်စရာ

Wedding Invitation

မင်္ဂလာမောင်နှံတွေအနေနဲ့ ဖိတ်စာရိုက်ဖို့ ပုံနှိပ်တိုက်နဲ့ ဒီဇိုင်းကိုရွေးချယ်ပြီးပြီဆိုရင် ဆက်လက် လုပ်ဆောင်ရမှာတွေကတော့….

ပွဲမတိုင်ခင်၂လ လောက်အလိုမှာ ဖိတ်မယ့်လူစာရင်းကိုချရေးပါ။ မြန်မာနိုင်ငံမှာ အများစုတွက်ကြတဲ့ တွက်နည်းကတော့ ဟိုတယ်ပွဲဆိုရင် ဖိတ်စာတစ်စောင်ကို လူ ၁.၅ ယောက်နှုန်းနဲ့တွက်ပြီး ဆွမ်းကျွေးဆိုရင်တော့ ဖိတ်စာတစ်စောင်ကို လူ ၂ ယောက်နှုန်း တွက်ပါတယ်။ ဥပမာ ဟိုတယ်မှာ လူ၅၀၀ဖိတ်မယ်ဆိုရင်(၅၀၀÷၁.၅) ဖိတ်စာအရေအတွက် ၃၃၀ ရိုက်ရပါမယ်။ အမှတ်တရသိမ်းထားဖို့ ၄၊၅ စောင်အပါအဝင် အစောင်၅၀ လောက် ပိုပိုလိုလိုရိုက်ထားပါ။

ဖိတ်စာ စာစီပြီးတဲ့အခါ အမှားအယွင်းမရှိအောင် အထပ်ထပ်အခါခါသေချာစစ်ဆေးပါ။ ဆိုင်ကို ရက်ချိန်းသေချာမေးပါ။ ၁လအလိုမှာ ဖိတ်စာတွေကိုယ့်လက်ထဲရောက်နေရင် အကောင်းဆုံးပါပဲ။

ပွဲမတိုင်မီ ၂ပတ်လောက်အလိုမှာ ဖိတ်စာကြိုဝေထားပါ။ အနီးမှကပ်ဝေရင် အာရုံများပြီး ဖိတ်ဖို့မေ့ကျန်ခဲ့တာမျိုး၊ အချိန်မရတော့တာမျိုးတွေနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဖိတ်စာမလောက်တဲ့အခါလည်း အခက်တွေ့နိုင်ပါတယ်။ အရမ်းစောဝေထားတဲ့အခါမှာလည်း တချို့ဧည့်သည်တွေအနေနဲ့ ဖိတ်စာပျောက်တာမျိုး၊ မေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ နယ်ဝေးကဧည့်သည်တွေကို ၃ပတ်လောက်ကြိုပို့ပြီး ဖုန်းဆက်အကြောင်းကြားထားပါ။
မဖြစ်မနေလာစေချင်တဲ့ ဧည့်သည်တွေကို ပွဲအနားနီးရင် ဖုန်းဆက်သတိပေးပါ။

ကိုယ်ကရုံးသမားဆိုရင် ဖိတ်စာအားလုံးကို ကိုယ်တိုင်ကိုယ်ကျဖိတ်ဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး။ အဲ့လိုအခါမျိူးမှာ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အကူအညီကိုယူသင့်ပါတယ်။