မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုမှာ လုပ်ဆောင်သင့်တဲ့ အရာ(၆)ခု
Published on December 2021
မင်္ဂလာပွဲ နီးကပ်လာလေလေ အလုပ်တွေရှုပ်ပြီး လုပ်သင့်၊ လုပ်ထိုက်တာတွေကို မေ့လျော့တတ်တာတွေ၊ လုပ်ဖို့အချိန်မရတော့တာတွေ ဖြစ်တတ်စမြဲပါပဲ။ ဒါကြောင့် မင်္ဂလာ ပွဲမတိုင်ခင် တစ်ရက်အလိုမှာ မင်္ဂလာ ပွဲအတွက် အသင့်အနေအထားဖြစ်အောင် ဘာတွေပြင်ဆင်ရမလဲဆိုတာကို Myanmar Wedding Guide ကနေအကြံပေး တင်ဆက်လိုက်ပါတယ်နော်။
၁။ လိုအပ်တဲ့ပစ္စည်းအားလုံးကို အသင့်ပြင်ပါ
ပွဲအတွက်ယူဆောင်သွားရမယ့် ပစ္စည်းအားလုံးစာရင်းပြုစုပြီး ခရီးဆောင်အိတ်တလုံးထဲမှာ တစုတစည်းထဲထည့်ပြီး အသင့်ပြင်ထားပါ။ (ဥပမာ – ဖိနပ်၊ လက်ဝတ်လက်စား၊ အဝတ်အစား)
၂။ တာဝန်ရှိသူတွေကို confirm လုပ်ပါ
ပွဲအတွက် မိမိအပ်ထားတဲ့ service အတွက်တာဝန်ရှိသူတွေ (ဥပမာ – ဟိုတယ်၊ အခမ်းအနားမှူး၊ မိတ်ကပ် artist၊ ပန်းအလှဆင်သူ၊ camera အဖွဲ့ စတာတွေ) ကို confirm ပြန်လုပ်ပေးပါ။ ကိုယ့်ရဲ့ပွဲမှာ ပါဝင်ကူညီပေးမယ့် မိတ်ဆွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့လဲ ပြန်ပြီး confirm လုပ်ဖို့ အကြံပြုချင်ပါတယ်။
၃။ လက်သည်း၊ ခြေသည်း အလှဆင်ပါ
လက်သည်း၊ ခြေသည်း အလှဆင်တာမျိုးကလဲ ရက်အဝေးကြီးကြိုလုပ်ထားရင် အဆင်မပြေတာကြောင့် တစ်ရက်အလိုမှာမှ လုပ်ရမယ့်အရာထဲမှာ ပါပါတယ်နော်။
၄။ အာဟာရပြည့်ဝအောင်စားပါ
အစားမလျော့ပဲ အာဟာရပြည့်ဝအောင်ပဲ စားပေးပါ။ ဝမ်းပျက်ဝမ်းလျှောလွယ်စေမဲ့ အစားအသောက်တွေတော့ ရှောင်ပေးပါနော်။ ရေများများသောက်ဖို့လည်း မမေ့နဲ့ဦး။ ဒါမှ အသားအရေလေး ကြည်လင်ပြီးလှနေမှာ။
၅။ စီးဖို့ရွေးထားတဲ့ ဖိနပ်လေးနဲ့ လမ်းလျှောက်ကြည့်ပါ
အချိန်ရရင် မနက်ဖြန်မှာ စီးဖို့ရွေးထားတဲ့ဖိနပ်လေးနဲ့ လမ်းလျှောက်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဒါမှ ဖိနပ်ရဲ့အနေအထားကိုသိပြီး ပွဲထွက်တဲ့အခါ လမ်းလျှောက်ရတာပိုအဆင်ပြေမှာပါ။
၆။ အိပ်ရေးဝဝအိပ်ပါ
နောက်ဆုံးလုပ်သင့်တာကတော့ စိုးရိမ်စိတ်တွေလျှော့ပြီး အိပ်ရေးဝဝအိပ်ဖို့ပါပဲ။ အိပ်ရေးဝမှ စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းနေမှာပါနော်။