ကုန်ကျစရိတ် သက်သက်သာသာနဲ့ မင်္ဂလာပွဲကျင်းပမယ်

Myanmar wedding on budget

မင်္ဂလာအသုံးစရိတ်ကိုလျှော့ချချင်တဲ့ မောင်နှံတွေကို Myanmar Wedding Guide ကအကြံပေးချင်တာကတော့…

 

မင်္ဂလာဆောင်ရာသီကိုရှောင်ပါ။

မင်္ဂလာပွဲနဲတဲ့ရာသီမှာဆိုရင် ဟိုတယ်၊ ဝတ်စုံ၊ ဓာတ်ပုံ၊ ပန်းအလှဆင် အစရှိတဲ့မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းတွေကနေ Discount တွေ၊ အထူးအခွင့်အရေးတွေ ပေးတတ်ကြတာမို့ ပုံမှန်ထက် စရိတ်သက်သာနိုင်ပါတယ်။ ပွဲရာသီဆိုရင်လည်း စနေ၊ တနင်္ဂနွေ မဟုတ်တဲ့ ကြားရက်ကိုရွေးချယ် ကျင်းပပါ။

 

ဧည့်သည်အရေအတွက်ကို စီစစ်ပါ။

ဧည့်သည်အရေအတွက်များရင်များသလို အစားအသောက်၊ ဖိတ်စာနဲ့ ပြန်ကမ်း လက်ဆောင်စရိတ်တွေပါ ပိုကုန်ကျမှာမို့ ဧည့်သည်စာရင်းကို သေချာစီစစ်ပြုစုပါ။

 

ဖိတ်စာအတွက် အကုန်အကျမခံပါနဲ့။

ဘယ်လောက်လှတဲ့ဖိတ်စာဖြစ်ဖြစ် အချိန်တန်ရင် အမှိုက်ဖြစ်သွားမယ့်အရာမို့ စရိတ်ချွေတာချင်တဲ့ မောင်နှံတွေအနေနဲ့ မဖြစ်မနေ လျှော့သင့်ပါတယ်။ စျေးသက်သက်သာသာနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်မယ့်ဖိတ်စာကိုပဲ ရွေးချယ်လိုက်ပါ။

 

အပိုင်ဝယ်မယ့်အစား ငှားပါ။

မင်္ဂလာဝတ်စုံကိုအမှတ်တရသိမ်းထားဖို့ အစီအစဉ်မရှိဘူးဆိုရင် အပိုင်ဝယ်၊ ချုပ်မယ့်အစား ငှားဝတ်လိုက်တာ အချိန်ရော၊ ငွေရောသက်သာမှာပါ။ တခြားတစ်ပွဲသုံးပစ္စည်းတွေကိုလည်း ဝယ်မယ့်အစား ငှားလိုက်ပါ။

 

ခန်းမအလှဆင်စရိတ်ကို လျှော့ချပါ။

ပန်းအစစ်တွေနဲ့အလှဆင်မယ်ဆိုရင် လှရင်လှသလောက် ကုန်ကျစရိတ်ကလည်း သိန်းဆယ်ဂဏန်းအထက်မှာ ရှိတတ်ပါတယ်။ စရိတ်သက်သာအောင် ပန်းအစစ်နဲ့ အတုတွေရောသုံးပြီး ခမ်းခမ်းနားနားလှအောင်ပြင်လို့ရပါတယ်။ Dinner ပွဲဆိုရင် ပူပေါင်းလေးတွေနဲ့လည်း အလှဆင်နိုင်ပါတယ်။

 

တီးဝိုင်းအစား နောက်ခံတေးဂီတသုံးပါ။

တီးလုံးငြိမ့်ငြိမ့်လေးတွေ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် အချစ်သီချင်းအေးအေးလေးတွေကို နောက်ခံတေးဂီတအနေနဲ့ ဖျော်ဖြေနိုင်ပါတယ်။

 

ဗန်းကိုင်နဲ့ အရံစရိတ်ကိုချွေတာပါ။

လက်စွပ်ဗန်းကိုင် နဲ့ ပန်းကုံးဗန်းကိုင်ကို ၂ယောက်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ ၁ယောက်တည်းလုပ်လို့လည်း ရပါတယ်။ အရံလည်းအတူတူပါပဲ။ အရံ ၂တွဲအစား ၁တွဲပဲထည့်ပါ။ သူတို့အတွက် စီစဉ်ပေးရမယ့် ဝတ်စုံ၊ ဖိနပ်၊ မိတ်ကပ်၊ လက်ဝတ်ရတနာစရိတ် အများကြီးသက်သာသွားမှာပါ။