မင်္ဂလာဝတ်စုံအရောင် အရွေးမမှားစေဖို့

Published on November 2024

သတို့သမီးတွေအတွက် မင်္ဂလာဝတ်စုံအရောင်ရွေးချယ်တာက အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ ဝတ်စုံအရောင်ကိုရွေးချယ်ဖို့ အောက်ပါအချက်လေးတွေကို ထည့်သွင်းစဥ်းစားကြည့်ဖို့ myanmarweddingguide.com က အကြုံပြုလိုက်ပါတယ်။

 

ကိုယ့်အသားအရေ အောက်ခံအရောင်(Skin Undertone)ကို ဆုံးဖြတ်ပါ။

အသားအရောင်ကို Warm (အနွေးရောင်)၊ Cool (အအေးရောင်)၊ သို့မဟုတ် Neutral (ကြားနေ) စသဖြင့် အမျိုးအစားခွဲလေ့ရှိပါတယ်။ ကိုယ့်ရဲ့ Undertone ကို ကွဲကွဲပြားပြားသိဖို့အတွက်ကတော့ သဘာဝအလင်းရောင်အောက်မှာ လက်ကောက်ဝတ်က သွေးပြန်ကြောလေးတွေရဲ့ အရောင်ကိုကြည့်ပြီးသိနိုင်ပါတယ်။ သွေးကြောလေးတွေက အပြာ (သို့) ခရမ်း ဆိုရင် Cool undertone ဖြစ်ပြီး၊ အစိမ်းရောင်ဆိုရင်တော့ Warm undertone လို့အလွယ်တကူသတ်မှတ်နိုင်ပါတယ်။ ကိုယ့်လက်ကောက်ဝတ်က သွေးကြောအရောင်က သဲသဲကွဲကွဲမရှိဘဲ ဆုံးဖြတ်ရခက်နေတာမျိုးဆိုရင် Neutral undertone ဖြစ်ဖို့ အလားအလာများပါတယ်။ Warm undertone (အနွေးရောင်) ရှိတဲ့ အသားအရေများဟာ များသောအားဖြင့် အဝါရောင်၊ လိမ္မော်ရောင် သို့မဟုတ် ရွှေရောင်စတာတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ လက်ဝတ်ရတနာတွေအနေနဲ့ ​စိန်၊ ပုလဲရွှေရောင်၊ မြပြာ၊ ပတ္တမြား၊ ရွှေတွင်းဝါ၊ နီလာ စတာတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။ Cool undertone (အအေးရောင်) အောက်ခံရှိတဲ့ အသားအရေရှိသူတွေကတော့ ပန်းရောင်၊ အပြာရောင်၊ မီးခိုးနဲ့ ခရမ်းရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ လက်ဝတ်ရတနာအနေနဲ့ စိန်၊ နီလာ၊ မြပြာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေဖြူ စတာတွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။

 

ကိုယ့်ရဲ့ ပင်ကိုယ်အသားအရောင်ကို လေ့လာပါ။

သတို့သမီး အသားအရေက ဖြူတဲ့ဘက်ကိုသွားတယ်ဆိုရင် အဖြူရောင်၊ ဆင်စွယ်‌ရောင်၊ pastel color အရောင်နုတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ အလယ်အလတ်အသားရောင်ကတော့ အရောင်အတော်များများနဲ့ လိုက်ဖက်မှုရှိပြီး နီညိုရောင်၊ ရှန်ပိန်နှင့် အဖြူရောင်စတဲ့ အနုအရင့် မျိုးစုံနဲ့လဲ လိုက်ဖက်ပါတယ်။ အသားညိုတဲ့ သူတွေကတော့ အနီရောင်ရင့်ရင့်၊ ရွှေရောင်၊ ငွေရောင်၊ ကြေးနီရောင်စတဲ့ metallic color တွေနဲ့လိုက်ဖက်တယ်လို့ ဆိုကြပါတယ်။

 

လက်​တွေ့စမ်းသပ်ပါ။

ဝတ်စုံအရောင်မရွေးချယ်ခင် ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ရှိတဲ့ ပိတ်စ သို့မဟုတ် ပစ္စည်းတစ်ခုခုကို မိမိနှင့် ယှဥ်တွဲပြီး လိုက်ဖက်မှု ရှိ၊ မရှိစမ်းသပ်ပါ။ အဲ့အရောင်က ကိုယ့်မျက်နှာကို ပိုလင်းစေလား၊ မှောင်သွားစေလား၊ လိုက်ဖက်မှုရှိလား စသည်ဖြင့် သုံးသပ်ကြည့်ပြီးမှ အလိုက်ဖက်ဆုံး၊ အဆင်အပြေဆုံးဖြစ်မယ့်အရောင်ကို ရွေးချယ်တာက အမှားအနည်းဆုံးဖြစ်စေမှာပါ။

ဒီအကြံပြုချက်တွေက သတို့သမီးရဲ့ အသားအရေနဲ့ လိုက်ဖက်တဲ့ ဝတ်စုံအရောင်ရွေးချယ်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သတို့သမီးတွေအနေနဲ့လည်း ဘယ်လိုအရောင်မျိုးကိုပဲရွေးချယ်၊ ရွေးချယ် မိမိကိုယ်ကိုယုံကြည်မှုရှိစေပြီး သက်သောင့်သက်သာဖြစ်ဖို့က အဓိကဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။