စက်ဝိုင်းပုံလက်စွပ် သို့မဟုတ် ထာဝရချစ်ခြင်းမေတ္တာရဲ့ သင်္ကေတ

မင်္ဂလာလက်စွပ်လေးတွေကို ချစ်ခြင်းမေတ္တာနဲ့ ကတိကဝတ်တွေရဲ့ သင်္ကေတတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းက လက်ခံထားကြပါတယ်။ အဆုံးအစမဲ့တဲ့ နှောင်ကြိုးနှင့် လက်ထပ်ခြင်းကို ကိုယ်စားပြုတဲ့အနေနဲ့ မင်္ဂလာပွဲတွေမှာ လက်စွပ်လဲလှယ်ခြင်း ဓလေ့ကို ရှေးအီဂျစ်ခေတ်ကတည်းက စတင်ခဲ့တာပါ။ ထာဝရ (Eternity) ဆိုတဲ့ စကားလုံးကို ကိုယ်စားပြုတဲ့အနေနဲ့ အဆုံးအစမဲ့တဲ့စက်ဝိုင်းပုံသဏ္ဍာန်လက်စွပ်တွေကို စတင်ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဒီအယူအဆတွေဟာ အချိန်ကြာလာသည်နှင့်အမျှ အခြားယဉ်ကျေးမှုတွေဆီကို ပျံ့နှံ့သွားခဲ့ရာက​နေ ယနေ့ခေတ် မင်္ဂလာဆောင်တွေမှာ ရေပန်းစားသော ဓလေ့တစ်ခု ဖြစ်လာခဲ့တာဖြစ်ပါတယ်။

စက်ဝိုင်းပုံလက်စွပ်တွေဟာ အစ သို့မဟုတ် အဆုံးမရှိတာကြောင့် ထာဝရချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။ မင်္ဂလာလက်စွပ်တွေကို ရွှေ၊ ငွေ၊ ပလက်တီနမ်၊ နှင့် တိုက်တေနီယမ် စသည့် ပစ္စည်းအမျိုးမျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ Classic design အဖြစ် စက်ဝိုင်း ပုံမောင်းကွင်းတွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိကြပေမယ့် ယနေ့ခေတ်မှာတော့ စိန် သို့မဟုတ် ကျောက်မျက်ရတနာတွေနဲ့ အနုစိတ်ပုံဖော်ပြီးဝတ်ဆင်လာကြပါတယ်။

အနောက်တိုင်း ယဉ်ကျေးမှု အများအပြားမှာ လက်ထပ်လက်စွပ်ကို “လက်သူကြွယ်” မှာပဲ ဝတ်ဆင်ကြပါတယ်။ လက်သူကြွယ်ရဲ့ သွေးပြန်ကြော၊ vena amoris သို့မဟုတ် “ချစ်ခြင်းမေတ္တာသွေးပြန်ကြော” ဟာ နှလုံးနှင့် တိုက်ရိုက်ချိတ်ဆက်သည်ဟု ရှေးခေတ်ယုံကြည်ချက်များကြောင့်ဖြစ်ပါတယ်။

မင်္ဂလာလက်စွပ်တွေဟာ မင်္ဂလာပွဲရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအပြင် တစ်သက်လုံးနှစ်ခြိုက်စွာ ဝတ်ဆင်ရမယ့်အရာတစ်ခုလဲဖြစ်တာမို့ မင်္ဂလာမောင်နှံတို့ အနေနဲ့ ကိုယ့်နဲ့ လိုက်ဖက်သင့်တော်မယ့် မင်္ဂလာလက်စွပ်များကို ရှာဖွေဝတ်ဆင်ဖို့ အကြံပြုရင်း အဆုံးအစမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ကြစေဖို့ တောင်းဆုပြုလိုက်ပါတယ်။