မင်္ဂလာပွဲတက်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

Myanmar Wedding

ဖိတ်စာမှာ ဖိတ်ကြားမခံရတဲ့ လူပိုခေါ်ခြင်းကို ရှောင်ကြဉ်ပါ။
ဖိတ်စာမှာ ကိုယ့်နာမည်ပဲ ရေးထားတယ်ဆိုရင် ကိုယ်တစ်ယောက်ထဲပဲ သွားသင့်ပါတယ်။ မိသားစုလို့ရေးထားမှသာ မိသားစုနှင့်အတူ တက်ရောက်သင့်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ Budget နဲ့ လူဦးရေအကန့်အသတ်ကို နားလည်လေးစားမှု ရှိရပါမယ်။

 

မင်္ဂလာမောင်နှံအတွက် အသုံးတည့်မယ့်လက်ဖွဲ့ကိုသာ ရွေးချယ်ပါ။
လက်ဖွဲ့ပစ္စည်းအများစုဟာ အမျိုးအစားတူဖြစ်နေတတ်တာကြောင့် လက်တွေ့မှာအသုံးမတည့်ပဲဖြစ်နေတတ်ပါတယ်။ ငွေသားနဲ့ Gift Card လက်ဖွဲ့တွေကတော့ မင်္ဂလာမောင်နှံအနေနဲ့ စိတ်တိုင်းကျသုံးစွဲနိုင်တာမို့ အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။

 

အချိန်မှန်ရောက်အောင်သွားပါ။ ခန်းမအတွင်းမှာသာစောင့်ဆိုင်းပါ။
သတို့သမီး မိတ်ကပ်ပြင်အခန်းထဲမှာ မလိုအပ်ပဲဝင်ထွက်သွားလာတာ၊ အလှပြင်နေဆဲသတို့သမီးနဲ့ ဓာတ်ပုံတွဲရိုက်တာမျိုးဟာ မသင့်တော်ပါဘူး။ မင်္ဂလာမောင်နှံနဲ့ မိတ်ကပ်အဖွဲ့သားတွေ အေးချမ်းစွာပြင်ဆင်ပါစေ။

 

သတ်မှတ်ပေးတဲ့နေရာမှာပဲထိုင်ပါ။
ခန်းမအနောက်ဘက်ရောက်နေတာမျိုး၊ စင်မြင့်ကို မမြင်ရတာမျိုးဖြစ်သည့်တိုင်အောင် ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာကနေ ဟိုပြောင်းဒီပြောင်း မပြောင်းသင့်ပါဘူး။ ကိုယ့်အတွက် တစ်စုံတစ်ယောက်က နေရာချပေးတာမျိုး မရှိဘူးဆိုရင်တော့ သင့်တော်တဲ့နေရာမှာထိုင်နိုင်ပါတယ်။

 

စကားအကျယ်ကြီးပြောတာကိုရှောင်ကြဉ်ပါ။
မင်္ဂလာအခမ်းအနား စတင်နေချိန်မှာ စကားအကျယ်ကြီးပြောတာ၊ ဖုန်းသုံးတာ၊ မင်္ဂလာမောင်နှံ လိုက်လံဧည်ခံနေစဉ် ကိုယ့်ဘက်ကနေ စကားအကြာကြီးပြောတာ၊ အတင်းဆွဲပြီး ဓါတ်ပုံရိုက်တာတွေဟာ မင်္ဂလာမောင်နှံကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တာကြောင့် အထူးသတိပြုသင့်ပါတယ်။

 

မိသားစုဝင်တွေ ဦးစားပေး ဓါတ်ပုံရိုက်ပါစေ။
ပွဲပြီးလို့စင်ပေါ်တက် ဓါတ်ပုံရိုက်ကြတဲ့အခါ မင်္ဂလာမောင်နှံရဲ့ မိသားစုဝင်တွေကို ဦးစားပေးပါ။ တခြားဧည့်သည်တွေကို ဦးစားပေးရင်း မိသားစုနဲ့ ဓါတ်ပုံအတူရိုက်ဖို့ အချိန်မလောက်တော့တဲ့ မင်္ဂလာမောင်နှံတွေ ရှိတတ်ကြလို့ဖြစ်ပါတယ်။

 

Myanmar Wedding Guide (မြန်မာမင်္ဂလာဆောင်လမ်းညွှန်) မှရေးသားတင်ဆက်ပါတယ်။