မမျှော်လင့်ထားသော ကုန်ကျစရိတ်များ

Unexpected Wedding Expense

မင်္ဂလာဆောင် အသုံးစရိတ်တွေဟာ များသောအားဖြင့် မှန်းထားထာထက် ပိုပြီးကုန်ကျတတ်ကြပါတယ်။ အကြောင်းကတော့ ကိုယ်မေ့လျော့နေတဲ့ ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ အသေးသုံးကုန်ကျစရိတ်လေးတွေ စုပြုံလာတတ်လို့ပါပဲ။ အဲ့ဒီလို စရိတ်လေးတွေကို မင်္ဂလာမောင်နှံတို့ သတိပြုနိုင်စေဖို့ စုစည်းတင်ပြလိုက်ပါတယ်။

 

၁။ ကားခ (တက္ကစီ စရိတ်)

အကယ်၍ ကိုယ်ပိုင်ကားမရှိဘူးဆိုရင် ဖိတ်စာဝေဖို့ နဲ့ အခြား မင်္ဂလာကိစ္စများ စီစဉ်တဲ့နေရာမှာ အသုံးပြုဖို့အတွက် တက္ကစီ စရိတ် ကျိန်းသေကုန်ကျတော့မှာပါ။

 

၂။ အလှအပစရိတ်

အများစုက ပွဲကြီးအတွက် မိတ်ကပ်ပြင်ဆင်စရိတ်ကိုပဲ သတိရလေ့ရှိပြီး ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ရတဲ့ Beauty Treatments တွေ နဲ့ ခြေသည်း၊လက်သည်း အလှပြင်စရိတ် စတာမျိုးတွေကို မေ့လျော့နေတတ်ကြပါတယ်။ အဲ့ဒီကုန်ကျစရိတ်လေးတွေကိုလည်း မမေ့ကြပါနဲ့နော်။

 

၃။ အခွန်အခများနှင့် ဝန်ဆောင်စရိတ်များ

တစ်ခါတစ်လေမှာ အကျွေးအမွေးစရိတ်ကိုပဲ အာရုံစိုက်မိတတ်ကြပြီး အခွန်အခတွေနဲ့ ဝန်ဆောင်စရိတ် တွေကို သတိမပြုမိတတ်ကြပါဘူး။ အထူးသဖြင့် စားသောက်ဆိုင်တွေမှာလုပ်တဲ့ ညစာစားပွဲမျိုးတွေအတွက် အစားအသောက်နဲ့ Bottle Charges စတဲ့ အခွန်အခများနဲ့ အခြားဝန်ဆောင်ခတွေ ပေးရလေ့ရှိပါတယ်။

 

၄။ မျှော်လင့်မထားသော ဧည့်သည်များ

ပွဲနေ့မှာ ဧည့်သည်အရေအတွက်က မျှော်မှန်းထားထာထက် ပိုနေတာမျိူးတွေ အမြဲကြုံရလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်မမျှော်လင့်ထားပဲ အားနာသမှုနဲ့ ဖိတ်လိုက်ရတာတွေလည်း ကြုံရတတ်ပါတယ်။ ဒါမျိုး ကိစ္စတွေအတွက် အပို ကုန်ကျစရိတ်တွေ ရှိလာနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။

 

၅။ လက်ဆောင်

အကယ်၍ ကိုယ့်ရဲ့ မင်္ဂလာဆောင်မှာ ပန်းကုံးစွပ်ပေးဖို့၊ လက်စွပ်ဝတ်ပေးဖို့ တစ်စုံတစ်ဦးကို အကူအညီတောင်းမယ် ဆိုရင်တော့ သူတို့အတွက် လက်ဆောင်တစ်ခုခု စီစဉ်ဖို့ ကုန်ကျစရိတ်ရှိလာမှာပါ။ မိဘ နဲ့ ဆွေမျိုးသားချင်းတွေအတွက် အဝတ်အစား၊ မိတ်ကပ် စီစဉ်ပေးရတာမျိုးတွေလည်းရှိတတ်ကြတာမို့ အရံစရိတ်အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

 

၆။ ဖိတ်စာ

ဖိတ်စာရိုက်တဲ့အခာ အမှားအယွင်းတစုံတရာကြုံတာမျိုး၊ ဒါမှမဟုတ် ဖိတ်စာအရေအတွက် မလောက်တာမျိူးတွေက မင်္ဂလာမောင်နှံအများစု ကြုံရလေ့ရှိတဲ့ ပြသနာတစ်ခုပါပဲ။ အဲ့အတွက် ပြင်ဆင်စရိတ်နဲ့ ထပ်တိုးကုန်ကျစရိတ်တွေ ရှိလာနိုင်တာကြောင့် ဖိတ်စာရိုက်တဲ့အခါ ဂရုတစိုက်စစ်ဆေးဖို့ အကြုံပြုချင်ပါတယ်။