မြန်မာဓလေ့ရိုးရာ ထိမ်းမြားမင်္ဂလာ(၁၀)ပါး
Published on April 2016
၁။ ပုဆိုးတန်းတင် ထိမ်းမြားခြင်း
သတို့သား၊ သတို့သမီးနှစ်ဦးလုံးကို လူလည်ခေါင်တွင် ကန်တော့ခံမထွက်ပဲ မိမိအိမ်မှာပင် လွတ်လပ်စွာနေလျှင် ဖိတ်ထားသောပရိတ်သတ်များ စားသောက်ပြီး ပြန်သွားကြမှ သတိုးသမီး အိပ်ခန်းရှိ ကြိမ်တန်း၊ ကြိုးတန်း၌ သတိုးသား ပုဆိုး၊ ပုဝါ လှန်း၍ တင်ကာထိမ်းမြားခြင်းကို ပုဆိုးတန်းတင် ထိမ်းမြားခြင်း ဟုခေါ်သည်။
၂။ လက်စုံစား ထိမ်းမြားခြင်း
ထမင်း သို့မဟုတ် မုန့်တစ်ခုခု ကို သတို့သား၊ သတို့သမီးတို့က လက်စုံစားစေ ထိမ်းမြားခြင်းကို လက်စုံစား ထိမ်းမြားခြင်း ဟုခေါ်သည်။ (ယခု လင်မယားအရာ မြောက်ပြီးမှသာ ပြုလုပ်လေ့ ရှိသည်။)
၃။ လက်စွပ်လဲ၍ ထိမ်းမြားခြင်း
သတို့သား ဝတ်ဆင်သော လက်စွပ်ကို သတို့သမီးအား ဝတ်ဆင်ပေးခြင်း၊ သတို့သမီး ဝတ်ထားသော လက်စွပ်ကို သတို့သားအား ဝတ်ဆင်ပေးခြင်း၊ အချင်းချင်းလဲလှယ်၍ ထိမ်းမြားခြင်းကို လက်စွပ်လဲ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၄။ အဝတ်ပေး၍ ထိမ်းမြားခြင်း
သတို့သားက သတို့သမီးအိမ်သို့ လာသည့်အခါ သတို့သမီး၏ မိဘများက အဝတ်ပုဆိုးအသစ် လဲလှယ်ဝတ်ပေးခြင်းကို အဝတ်ပေး၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၅။ လက်ထပ်ထိမ်းမြားခြင်း
သတို့သမီးလက်ယာလက်ကို ဖြန့်ထား၍ သတို့သားလက်ယာဘက်ကို အပေါ်တင်စေကာ ဘိသိက်ဆရာက ဖြစ်စေ၊ လူကြီးတစ်ဦးဦးကဖြစ်စေ ရွှေနှင့်ငွေ ဂဟေ ဆက်ထားသကဲ့သို တူနှစ်ကို တစ်စိတ်တစ်ဝမ်းထည်းဟု ပရိသတ်အလယ်တွင် ထိမ်းမြားခြင်းကို လက်ထပ်ထိမ်းမြားခြင်း ဟုခေါ်သည်။
၆။ ဒါလီဖွဲ့၍ ထိမ်းမြားခြင်း
ဖြန့်လျှင်နှစ်ဦးစလုံး ဦးခေါင်းဆံ့လောက် လေးတောင်ခန့်ရှိသော ရွှေဆွဲကြိုး ပန်းကုံသဖွယ်ပြုလုပ်၍ သတို့သား၊ သတို့သမီး နှစ်ဦးစလုံး တစ်ခါတည်း စွပ်၍ ထိမ်းမြားခြင်းကို ဒါလီဖွဲ့၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၇။ စုလျှားရစ်ပတ် ထိမ်းမြားခြင်း
အလျှား (၆) တောင်၊ အနံ (၂)တောင် ရှိသော သတို့သမီးခြုံသော စုလျှားတဘက်အား သတို့သား၊ သတို့သမီးနှစ်ဦးအား ရစ်ပတ်ထိမ်းမြားခြင်းကို စုလျားရစ်ပတ် ထိမ်းမြားခြင်း ဟုခေါ်သည်။
၈။ ပန်းကုံစွပ်၍ ထိမ်းမြားခြင်း
သတို့သားက သတို့သမီးအား ပန်းကုံးစွပ်ပေးသဖြင့်၊ သတို့သမီးက သတို့သားအား ပန်းကုံးစွပ်ပေးသဖြင့် ထိမ်းမြားခြင်းကို ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၉။ ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း
ရွှေဖလား၊ ငွေဖလား၊ ဖန်ခွက် စသည်တို့ ရေတစ်ဝက်ထည့်၍ သပြေပန်း၊ နေဇာမြက်များ ထည့်ပြီး သတို့သား၊ သတို့သမီး တို့၏ လက်ယာလက်များကို ချထားစေ၍ ရေကြည်လင်အေးမြ၍ မကွဲတပြား တသားတည်းနေ သတို့သား၊ သတို့သမီးတို့ ရိုးမြေကျ ရာသက်ပန်တည်ပါစေ ဟုဆို၍ လက်ချထိမ်းမြား ခြင်းကို ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
၁၀။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း
ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည့် နဝရတ် ကိုးပါး၊ နံသာမျိုးငါးပါး သွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ်ထိမ်းမြားခြင်းကို ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း ဟုခေါ်သည်။
Credit to မူရင်းစာရေးသူ